ဆူညံသံတွေကြောင့် အိပ်ပျက်တဲ့ မနက်တွေ ကြုံနေရပြီလား
ကျန်းမာရေး၊ ဘာသာရေး၊ ရှေးအယူအဆတွေကြောင့် မနက်စောစောထတယ်ဆိုတာ ကိုယ့်ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ကိုယ်က စောစောနိုးတိုင်း အိပ်နေတဲ့တခြားသူတွေကို ဆူညံသံနဲ့ နှောင့်ယှက်တာကတော့ လုံးဝမကောင်းပါဘူးနော်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူတစ်ဖက်သား အိပ်မောကျနေတဲ့ မနက်စောစောအချိန်တွေမှာ အသံကျယ်ကျယ် စကားပြော၊ ဟင်းချက်ပြုတ်တာ၊ သံဃာတွေလှူဒါန်းဖို့ အသံချဲ့စက်နဲ့ အော်ကြီးဟစ်ကျယ် ပြောဆိုတာ၊ လမ်းထဲ စပီကာစက်နဲ့ စျေးရောင်းတာ၊ အသံကျယ်ကျယ် သီချင်း၊ ရေဒီယိုဖွင့်တဲ့ ပြဿနာတွေကို မကြာခဏတွေ့ရတတ်ပါတယ်။
ဒီလိုမျိုး ဆူညံသံတွေ များလွန်းတာကို Noise-Pollution လို့ခေါ်ပြီး ကိုယ့်ရဲ့အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် တစ်နေ့တာလုံးမှာ မလိုအပ်တဲ့ ဆူညံမှုတွေကြောင့် ကိုယ့်စိတ်ကျန်းမာရေးကို မကောင်းတဲ့ဖိစီးမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဆူညံသံတွေနဲ့ ကိုယ့်ရဲ့အိပ်စက်မှုဇယားအကြား သက်ရောက်မှုတွေကို ပြောရမယ်ဆိုရင် -
၁။ ဆူညံသံဟာ ခန္ဓာကိုယ်ထဲ Adrenaline လို့ခေါ်တဲ့ ဟော်မုန်းထုတ်လုပ်မှု မြင့်တက်စေလို့ နှလုံးခုန်နှုန်း မြန်လာစေပြီး သွေးစီးဆင်းမှုမြန်လာတယ်၊ အကျိုးဆက်အနေနဲ့ ဦးနှောက်က နိုးကြားသွားတဲ့အတွက် အိပ်ရေးပျက်စေသလို ပြန်အိပ်ပျော်ဖို့ ခက်ခဲလာစေတယ်။
၂။ Adrenaline အပြင် ဦးနှောက်ရဲ့ Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်း ထုတ်လုပ်မှုနှုန်းကို ပိုမိုမြန်ဆန်လာစေတဲ့အတွက် ပြင်ပက စိတ်ဖိစီးမှုဒဏ်တွေ ပိုခံရသလို ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုအားကိုလည်း ကျစေပါတယ်။
၃။ ဒေါသကြီးသူတွေအတွက် ဆူညံသံဆိုတာ သွေးပိုတိုးစေပြီး Adrenaline ဟော်မုန်းတွေကြောင့်လည်း စိတ်ဆိုးဒေါသထွက်တဲ့အရှိန်ဟာ ပိုဆိုးလာနိုင်ပါတယ်။ ဒါ့အပြင် အိပ်စက်နေတဲ့အခါ သေးငယ်တဲ့အသံကိုတောင် အာရုံစူးစိုက်မှု၊ သက်ရောက်မှုပိုပြင်းထန်တဲ့အတွက် နှလုံးရောဂါနဲ့ သွေးတိုးရောဂါကိုလည်း ဖြစ်နိုင်ခြေ ပိုများစေပါတယ်။
၄။ အိပ်ပျော်နေစဉ် အပြင်ကဆူညံသံတွေကြောင့် လူကအိပ်နေရာမှ မနိုးလာခဲ့တဲ့တိုင်အောင် ဒီအသံတွေကို နားထဲက ကြားနေရတဲ့အတွက် အနားယူတဲ့ဦးနှောက်က ဒါကို စိတ်ဖိစီးမှု၊ ဆူညံသံအဖြစ် Signal ပေးပြီး ကိုယ့်မသိစိတ်ကနေ ဒါကို ပုံရိပ်ယောင်အဖြစ်နဲ့ အသွင်ပြောင်းလို့ အိပ်မက်ဆိုးတွေ မက်လာစေပါတယ်။
၅။ ဆူညံသံကြောင့် အိပ်ပျက်တဲ့အခါ Metabolism လို့ခေါ်တဲ့ ဇီဝကမ္မဖြစ်ပျက်မှုကို အနှောင့်အယှက်ပေးလို့ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုကိုလည်း အဟန့်အတားဖြစ်စေတယ်။
၆။ ဆူညံသံကြောင့် ကိုယ့်အတွက် အိပ်မရေးမဝဘဲ ထလိုက်ရတာ၊ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်သွားတာကြောင့် နိုးထလိုက်ရတဲ့အတွက် မနက်ပိုင်းမှာ ခေါင်းမူးခေါင်းကိုက်ပြီး စိတ်မကြည်တာ၊ အားမရှိသလို နုန်းခွေပြီး ပင်ပန်းလွယ်တာ၊ အာရုံကြောအားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ကိုယ်တိုင်က မနက်ဘက်စောစောထတာ ကိုယ့်ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် တခြားအိပ်စက်နေတဲ့သူတွေအတွက် ထည့်သွင်းစဉ်းစားလို့ ကိုယ့်ရဲ့ ဆူညံသံကို အနည်းဆုံးထိန်းထားဖို့ အရေးကြီးပါတယ်။ Noise pollution ပြဿနာဟာ မြန်မာနိုင်ငံမှာ သိပ်ပြီးလူမပြောတတ်ကြတဲ့ ပြဿနာဆိုပေမဲ့ အသက်အရွယ်မရွေး ဆူညံသံကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တဲ့အတွက် ဒီပြဿနာကို မီးမောင်းထိုးပြလို့ အားလုံးဆန့်ကျင်ရှောင်ရှားကြဖို့ လိုအပ်နေပါပြီခင်ဗျာ။
အကယ်လို့ ကိုယ်ဟာ ဆူညံသံတွေကြောင့် အိပ်စက်မှုပုံစံကို အနှောင့်အယှက်ဖြစ်နေရတယ်၊ ကျန်းမာရေးကိုပါ ထိခိုက်နေတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြသပြီး ကုသဖို့နဲ့ ကိုယ့်ရဲ့အိပ်ခန်းနေရာကို ဆူညံသံကင်းအောင် ပုံစံပြောင်းလဲဖို့တော့ အရေးကြီးပါတယ်။
ရဲမျိုးမြတ်